Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Friday, July 30, 2010

ရန်ကုန်မြို့မှာ ပထမဦးဆုံးည၊ ဟိုတစ သည်တစ.. တွေးစရာများ

အိမ်ကိုပြန်ရောက်တော့ ရေမိုးချိုး အဝတ်အစားလဲပြီး သူငယ်ချင်းက ရွှေတိဂုံကို လိုက်ပို့ရှာပါတယ်။ သူ့ကားလေးကို ကြည့်တော့ အထဲမှာ ဆိုဖာကို အဝတ်အုပ်ထားတာတွေ့ရပါတယ်။ ကနေဒါလို နိုင်ငံမှာ ဆိုရင်တော့ ဒေါ်လာ ၃၅၀၀ လောက် ဆိုတာ အာဏာကုန်ပဲ ပေးရမဲ့ကားမျိုးပါ။ ဒီကားက ကိုယ်ပိုင်လားမေးတော့ သူက မဟုတ်ဘူး၊ ကားကို ဝယ်မယ်ဆိုရင် သိန်း၃၀၀လောက် ပေးရမှာ။ အဲဒီတော့ မဝယ်ပဲ ငှားစီးလိုက်တာ၊ တလကို မြန်မာငွေ ၃သိန်း ပေးရတယ် လို့ပြောပါတယ်။ သူငယ်ချင်းအမျိုးသားက မြန်မာပြည်က နာမည်ကြီး ကုမ္ဗဏီကြီးတစ်ခုမှာ အကြံပေးအရာရှိပါ။ ကျောင်းပညာကို အင်ဂျင်နီယာ နဲ့ပြီးထားပြီး မျိုးချစ်စိတ်ထက် သန်သူ၊ ရိုးသားဖြောင့်မတ်သူ တစ်ဦးပါ။ ဒီနေရာမှာ ဒီလောက်ရှည်ရှည်ဝေးဝေး ရေးနေရခြင်းဟာ သူလိုလူတစ်ယောက် ရဲ့ ငွေကြေးဖူလုံမှုအနေ အထားကို ချင့်ချိန်ကြည့်ရအောင်လို့ပါ။ ဒီလူဟာ ပညာလဲတတ်၊ လုပ်ငန်းအတွေ့အကြုံ လဲအများကြီးရှိ၊ လုပ်နေတဲ့ ကုပ္မဏီကလဲ နာမည်အကြီးဆုံးဆိုတဲ့အထဲက တခုပါ။ အမေရိကကိုလဲ မကြာခဏဆို သလို ပညာသင်လာခွင့်ရ ပါတယ်။ ဒီလိုလူတစ်ယောက်တောင် အခုလိုကားမျိုးပဲ စီးနိုင်တယ်ဆိုရင်တခြားလူတွေ ရဲ့အခြေအနေတွေကို စဉ်းစားကြည့်နိုင်ပါတယ်။

ပထေမဦးဆုံးအနေနဲ့ ရွှေတိဂုံကို သွားကြပါတယ်။ ဓါတ်လှေကားနဲ့တက်တော့ ဓါတ်လှေကားထဲမှာ ဓါတ်လှေကားမောင်းသူက ပန်းရောင်းပါတယ်။ မဝယ်ရင်လည်းဖြစ်ပေမဲ့ သူရတဲ့လစာကို စဉ်းစားပြီး စီးလာသူအချို့( ကျွန်တော်တို့အပါအဝင်) ပန်းဝယ်ကြပါတယ်။ ပန်းတွေက ၅ကုံးလောက် ပါတာကို ၅၀၀လောက် ပေးရပါတယ်။ ဘုရားပေါ်ရောက်တော့ ဆီမီးပူဇော်ဘို့ဖရောင်းတိုင်ကို ပန်းတန်းမှာ ဆင်းဝယ်ပါတယ်။ အပြိုင်အဆိုင်ခေါ်တာမို့ ဘယ်သွားရမှန်းမသိ၊ အတောအခက်ကြုံရပါတယ်။

ရွှေတိဂုံပေါ်မှာတော့ ဝတ်ရွှတ်အသင်း၊ တံမျက်လှဲအသင်း စသည်ဖြင့် ထုံးစံအတိုင်း တွေ့ရပါတယ်။ မနေ့တနေ့ကမှ ဆေးသုတ်ထားတယ်လို့ ထင်ရအောင် စောင်းတန်းတွေ၊ စေတီတွေအားလုံးဟာ တောက်ပြောင်သပ်ရပ်နေပါတယ်။ ရွှေတိဂုံက တချို့စောင့်တန်းတွေမှာ လက်၇မ်းတိုင်ခေါ်မလား၊ လုံးပါတ်တိုင်ကြီးတွေကို ကျောက်စိမ်းအသားတွေ ကပ်ထား တာတွေ့ရပါတယ်။ သြော်၊ စားစရာမရှိပေမဲ့ ငါတို့မှာ ကျောက်စိမ်းတွေ ခုလိုတော့ ဗုံးဘောလအော သုံးနိုင်သားပဲ ဆိုတော့ ဒါတွေကို တချို့ကျောက်စိမ်း ထုတ်တဲ့ ကုမ္ဗဏီတွေက လှုတာလို့ ညီမလေးက ပြောပြပါတယ်။

ရွှေတိဂုံကဆင်းတော့ အင်းယားလမ်းထဲမှာလို့ထင်တယ်။ (မမှတ်မိတော့ပါ)။ အိမ်တအိမ်ကို ဝင်ပါတယ်။ ခြံထဲမှာ ကားတွေ အစီအရီရပ်ထားတော့မှ အိမ်ကို စားသောက်ဆိုင်အသွင်ပြောင်းထားမှန်း သိရပါတော့တယ်။သူငယ်ချင်း က ဗိုလ်ချုပ်တယောက်ရဲ့ သမီး ဖွင့်ထားတာလို့ပြောပါတယ်။ နိုင်ငံရေးသမားကိုမှ ဗိုလ်ချုပ်သမီး ဆိုင်ထဲ ခေါ်လာရလားလို့ မေးမိပါတယ်။ ဆိုင်က နာမည်ကြီးလွန်းလို့ ကားတွေတောင် ရပ်စရာနေရာမရှိပါ။ ဆိုင်ထဲကို အဝင်မှာ အိုင်ရွန်းခရော့စ်က မျိုးကြီးကိုလဲ ဆိုင်ထဲဝင်လာတာတွေ့ရပါတယ်။ သြော် ရန်ကုန်မြို့ ပေါ်က နာမည်ကြီးတွေ၊ ကြေးရေတတ်တွေ အလာများတဲ့ ဆိုင်မျိုးပေါ့။

ဆိုင်ကိုဖွင့်တဲ့ စိတ်ကူးလေးကတော့ ကောင်းပါတယ်။ ဒီဆိုင်မှာ မြန်မာပြည်အနှံအပြားက မြန်မာ့ရိုးရာအစား
အစာတွေကိုပဲ ရောင်းပါတယ်။ အများစုကတော့ ဆန်ခေါက်ဆွဲ၊ နဲ့ ခေါက်ဆွဲမျိုးစုံအသုံးပြုထားတဲ့ အစားအစာ တွေပါ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း မုန့်ဟင်းခါးကို ပဲကြော်နဲ့ထည့်ခိုင်းပါတယ်။ ပွဲပြင်ထားတဲ့ ပုဂံဟာ အတော်သားသားနားနားဖြစ်ပြီး လက်လုပ်ကြွေပုဂံလိုမျိုးပါ။ ရိုးရာကြွေထည်ပစ္စည်းထဲမှာ စားချင်စဖွယ်တွေ ပြင်ထည့်လာတဲ့ မုန်းဟင်းခါး ဟာ စားချင်စဖွယ်ဖြစ်သလို စားလို့လဲအတော်ကောင်းပါတယ်။ ဈေးကလဲ ကောင်းတယ် ပြောရမယ်ထင်ပါတယ်။ သုံးယောက်သား တယောက်တမျိုးမှာစားတာ စုစုပေါင်း ၁၂၀၀၀ လောက်ကျပါတယ်။ လမ်းဘေးနားက ဆိုင်တွေမှာတော့ မုန့်ဟင်းခါး အကြော်နဲ့ လွန်ရောကျွံရော ၄၀၀ ပဲပေးရပါတယ်။


No comments: