Burma Forum Canada is a policy consultation body of Burmese Diaspora communities in Canada.

Saturday, July 17, 2010

ပြည်တော်ပြန် ရှင်းတမ်း

သိတ်မကြာသေးခင်ကပဲ မြန်မာပြည်ကို အလည်အပါတ်သွားရောက်ခဲ့ပါတယ်။ တွေ့ကြုံခဲ့ရတာတချို့ဟာ အချို့မြန်မာပြည် ပြန်လိုသူများအတွက် အသုံးဝင်မယ် ထင်လို့ ဒီနေရာကနေပဲ ပြန်ပြီး ဖေါက်သည်ချလိုက် ပါတယ်။

ပြန်မရောက်တာ ၅နှစ်လောက် ကြာပြီ ဆိုတော့ သွားသာသွားရ၊ စိတ်ထဲတော့ တထင့်ထင့်ပါပဲ။ ဒီကြားထဲ ကိုယ်လုပ်ထားတာတချို့ကလဲ ရှိဆိုတော့ ဘာစိတ်ညစ်စရာတွေ၊ မျှော်လင့်မထား တာတွေများ တွေ့ရမလဲဆိုတဲ့ အတွေးနဲ့ပါ။

လေယာဉ်ကို ကွာလာလမ်ပူက တဆင့် ပြောင်းစီးတာ ဆိုတော့ များသောအားဖြင့် ကျွန်တော်နဲ့ လေယာဉ်ပေါ် ပါလာသူများကတော့ မလေးရှားက ပြန်လာတဲ့ မြန်မာအလုပ် သမားများဖြစ်ကြပါတယ်။ လေယာဉ်ပေါ်မှာ နိုင်ငံခြားသား လုံးဝမပါပါ။

လေယာဉ်ဆိုက်ချိန်မှာ လေဆိပ်အဆောက်အအုံထဲ ဝင်သွားတော့ သူ့ဘာသာသူ သတ်မှတ်ထားတဲ့၊လိုင်းတွေမှာ တန်းစီရပါတယ်။ လေဆိပ်ထဲမှာ ရှိရှိသမျှ အရာအားလုံးဟာ စံနစ်တကျ၊ သန့်သန့်ပြန့်ပြန့်၊ သပ်သပ်ရပ်ရပ်ပါ။ တခုရှိတာကတော့ ပြန်လာတဲ့ လူအချို့ဟာ (အရပ်စကားနဲ့ ပြောရရင်) လိုင်းရိုက်ထားပါတယ်။ လူတချို့ကို နာမည်တွေနဲ့ အတိအကျ ခေါ်ပြီး ဆွဲထုတ်သွားတာပါ။ နိုင်ငံကူးလက်မှတ်ကြောင့် ဖြစ်နိုင်သလို သယ်ဆောင် လာတဲ့ ပစ္စည်းများကြောင့် ကြိုတင်လိုင်းရိုက်ထားတယ်လို့ ခန့်မှန်းရပါတယ်။

ကိုယ်က လိုင်းရိုက်ထားတာ မဟုတ်လို့ လေဆိပ်မှာ မသင်္ကာလို့ ပါလာတဲ့ ပစ္စည်းဖွင့်စစ်လိမ့်မယ်လို့ မျှော်လင့် ထားပေမဲ့ လုံးဝမဖွင့်ပါ။ လေယာဉ်တွေမှာ ပေါင်ချိန်များများစားစား မပေးလို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။

ဒီကသွားတဲ့အခါ အပြန် Departure Form လုပ်လို့ရအောင် မီခိုသူအဖြစ် နေထိုင်သူဖြစ်ကြောင်း အထောက် အထားတွေပြီး သံရုံးထောက်ခံစာ ယူသွားပါတယ်။ အဲဒီထောက်ခံစာကို လေဆိပ်မှာ တောင်းပါတယ်။ ထောက်ခံစာ ပြနိုင်မယ်ဆိုရင် Departure Form ကို လေဆိပ်မှာပဲ ချက်ချင်းလုပ်ပေးလိုက်ပါတယ်။ တချို့ကပြောတာတော့ ရက် ၃၀ အောက်လျော့နည်းပြီး နေမယ်ဆိုရင် Departure Form မလိုပါဘူးတဲ့။ မြို့ထဲမှာတော့ Departure Form ကို မြန်မာငွေ ၁၅၀၀ နဲ့ ၃နာရီအတွင်း ပြီးအောင် လုပ်ပေးပါတယ်။ အဲဒီဖေါင်မှာ ဘယ်ကဆွဲထည့်လာမှန်းမသိတဲ့ အမြတ်ခွင်း ကင်းရှင်းကြောင်း ချလန်ကိုလည်း တွေ့ရပါတယ်။

လေဆိပ်မှာ အလုပ်လုပ်သူများဟာ ယခင် ထောက်လှမ်းရေးများလို အတောင်းအရမ်း လုံးဝမလုပ်ပါဘူး။ အားလုံးလိုလိုဟာ စစ်ထွက်၊ သို့တည်းမဟုတ် စစ်တပ်နဲ့ ဆက်နွယ်သူလို့ ခန့်မှန်းရပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းသလို ပါဝါပြတာမျိုးလဲ လုံးဝမရှိပါဘူး။ အဝင်မှာ ဝင်လာသူအားလုံးကို ဓါတ်ပုံရိုက်ယူပါတယ်။

===============================================================
ဆက်ရန်









No comments: