”ဒီလိုအဖြစ်မျိုး ဆိုတာ အနှစ် (၅၀)လောက် နေမှ တစ်ခါကြုံတာ၊ ကြုံဘို့မလွယ်ဘူး၊ ကြည့်သာထားပေတော့” ဟု လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့သော နိုင်ငံရေးသမားဟောင်းတစ်ဦးက ရှစ်လေးလုံးနေ့ကို ရည်ညွှန်းပြောဆိုခဲ့သည်။
လွန်ခဲ့သော (၂၂) နှစ်က ရန်ကုန်မြို့နေလူထု သွေးပျက်ဖွယ်ကြုံခဲ့ရသော ရှစ်လေးလုံးနေ့သည် ပါဝင်ပါတ်သက် ခဲ့ သူတို့၏ အသည်းနှလုံး တွင် မနေ့တနေ့က ကဲ့သို့ ရှိခြေသည်။ ထိုညက ချီတက်သွားသော လူအုပ်ကြီးသည် ဆူးလေဘုရားအနားတွင် စုရပ်အဖြစ် ဆုံကြသည်။ စစ်တပ်မှ လူစုခွဲရန် အမိန့်ပေးသော်လည်း လူထုက ခေါင်းမာ မာဖြင့် နောက်ဆုံးအခြေအနေကို စောင့်ခဲ့ကြသည်ဟု ဆိုသည်။ သူတို့သည် ဦးနေဝင်းပြောထားသော ” စစ်သား ဆိုတာ ပစ်ရင် မိုးပေါ်ထောင် မပစ်ဘူး။ တည့်တည့် ပစ်တယ်” ဆိုသော စကားကို လျစ်လျူရှုကာ ၂၆နှစ်ကြာ ခါးခါးသီးသီး ရင်ဆိုင်ခဲ့ရသော အာဏာရှင်စံနစ် ပြုတ်ကျရေး အတွက် အားလုံးကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း သာ ဖြစ်သည်။
စတင်ပစ်ခတ်မှုကို ကြုံခဲ့သော လူတစ်ဦးက ” ဘာတွေဖြစ်လို့ဖြစ်တယ် ဆိုတာ လုံးဝမမှတ်မိတော့ဘူး၊ ကမ္ဘာပျက်သလိုပဲ၊ ပါလာတဲ့ ပစ္စည်းတွေလည်း ဘယ်နား ကျကျန်ခဲ့မှန်း မသိဘူး။ ဖိနပ်တောင်ပါမလာတော့ဘူး” ဟု ဆိုသည်။ ဖိနပ်အရံပေါင်း မြောက်များစွာ ဆုူလေဘုရားလမ်းပေါ်တွင် ပြန့်ကျဲနေသည်ဟု မျက်မြင်သက်သေ များက ဆိုသည်။ ထိုရက်ပိုင်းအတွင်း ရန်ကုန်ဆေးရုံကြီးအထိပင် ဝင်ရောက်ပစ်ခတ်သည်ဟု ဆိုသည်။ဆေးရုံကြီး အတွင်း လက်နက်ကိုင်စစ်သားများ၊ သံဆူးကြိုးများကိုလည်း တွေ့ရသည်။ ပစ်ခတ်ပြီးနောက်ပိုင်း ချီတက်ပွဲများ၊ ဆန္ဒပြပွဲများ ဆက်လက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် တက္ကသိုလ်၊ ကောလိပ်ကျောင်းသားများအားလုံး၏ စုရပ်ဖြစ်လာခဲ့ပြီး ကျောင်းဆောင်များအား ကျောင်းသားများက တပ်စွဲထားခဲ့ကြသည်။
အမေရိကန်စင်တာတွင် လက်ရှိအရာရှိအဖြစ်လုပ်ကိုင်လျှက်ရှိသော သူငယ်ချင်း တစ်ယောက်က ” ချီတက်လာ တဲ့အထဲမှာ အသက် ၅ နှစ်အရွယ်ကလေးတွေ၊ မူလတန်းကျောင်းကနေ တဆင့်ပါလာတာ။ မိုးတွေရွာချတော့ အားလုံးတုပ်တုပ်ကျနေပေမဲ့ ဆက်ပြီး ချီတက်သွားတယ်။ ကြည့်ရတာ ရင်တောင် ဆို့ တယ်” ဟု ပြောသည်။ ကျောင်းသားများကို ဖမ်းဆီးသောအခါ အဆိုပါကလေးငယ်များလည်း ထောင်ထဲသို့ ရက်ပိုင်းမျှ ရောက်ကုန်သည်ဟု အကျဉ်းထောင် ဝန်ထမ်းများက ပြောပြသည်။
ရန်ကုန်မြို့တွင် ဘာဆိုဘာမှ လုပ်စရာမရှိ၊ အစိုးရဝန်ထမ်းများက ရုံးလုံးဝမသွားပဲ ဆန္ဒပြကြသည်။ လေတပ်၊ ရေတပ်မှ စစ်သားများလည်း ပါဝင်လာကြသည်။ ရှိသမျှ လုပ်ငန်းများ အားလုံးရပ်တန့်ကုန်သည်။ ဘတ်စ်ကား အသွားအလာ လုံးဝမရှိ၊ ကုန်ဈေးနှုန်းမှာ ခေါင်ခိုက်နေသည်။ ထမင်းချက်စားဘို့ ဆန်ရှာမရသော အခြေအနေ သို့ ရောက်သွားသည်။ ရန်ကုန်မြို့စွန်ရှိအိမ်တော်တော်များများတွင် ဆန်ပြုတ်ပြုတ်စားကြရသည်။ ထိုအချိန်တွင် စစ်တပ်က ဂိုဒေါင်များကို လမ်းပြဖွင့်ပေးခဲ့သည်။ ထိုမှ အစပြုကာ လူတချို့က ဂိုဒေါင်ဖေါက် ခြင်း ကို လူစုလူဝေးနှင့် လုပ်ကိုင်လာကြသည်။ သေနတ်နှင့် အပစ်ခတ် ခံရသော ကလေးအလောင်း များ ကို ကားပေါ်တွင် တင်ကာ မကြေမချမ်းဖြစ်နေသော လူအုပ်ကြီးက စီတန်းလှည့်လည်ကာ လူထုကို ပြသသည်။
ထိုအတွင်း အစိုးရသတင်းပေးဟု ယူဆရသူများကို လူအချို့က လက်နက်သုံး သတ်ဖြတ်ခြင်း ရန်ကုန်မြို့ နေရာအနှံ အပြား တွင် ပေါ်ပေါက်လာသည်။ ထိုစဉ်က အသက် ၁၅နှစ်ခန့်သာ ရှိသေးသော ညီမငယ်က ”လူအရှင်လတ်လတ်တွေ ကို တောင်ဥက္ကလာပ လမ်းဆုံမှာ မီးရှို့နေတယ်၊ အရှို့ခံရတဲ့လူတွေက ကြောက်ပုံ၊ တုန်လှုပ်ပုံ မပြဘူး၊ သူတို့ကိုယ်က အရည်တွေတစ်စက်စက်ကျနေ တာကို ဒီအတိုင်း ငုံ့ကြည့်နေကြတယ်” ဟု ပြောပြသည်။ထိုအကြမ်းဖက်မှုကြောင့် နားလည်သော လူကြီးများက ” အကြမ်းဖက်မှုပါလာရင် လူထုတော့ ရှုံးပြီ။ အစိုးရနိုင်ပြီ။ ရုံးသာ ပြန်တက်ပေတော့” ဟု ရုံးမတက်ပဲ ဆန္ဒြုပနေသူများကို စတင်သတိပေးပြောကြားသည်။
၁၉၈၈ခုနှစ် စက်တင်္ဘာလ (၁၈) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းကြောင်း ကြေငြာလိုက်သည့်အခါ ကျွန်တော်နှင့် အခြားတက္ကသိုလ်ကျောင်းသားများသည် လှည့်တန်းလမ်းဆုံတွင် အင်းစိန်နှင့် မင်္ဂလာဒုံမှ ချီတက်လာသော လူထုကြီးကို ဆက်လက်မသွားရန် သပိတ်တားခဲ့သည်။ သွေးဆူနေသော လူထုကြီးတွင် ဂျင်ဂလိ၊ ဒုတ်၊ဒါးများ ခန္ဒာကိုယ်တွင် လွယ်သိုင်းထားပြီး သပိတ်တားခြင်းကို ဆန့်ကျင်ကာ ဆက်လက် ချီတက်ခဲ့ကြသည်။ မြန်မာ့အသံရှေ့တွင် စောင့်ဆိုင်းနေသော စစ်တပ်သည် ချီတက်လာသမျှ သပိတ်မှောက် လူတန်းကြီးအား ဆီးကြိုပစ်ခတ်သည်။ ထိုညက ကျွန်တော်တို့ မိန်းကလေးများကို ထွန်းလင်းရိပ်သာခြံအတွင်း ရှိအိမ်တအိမ်တွင် သွားရောက်ခိုလှုံခဲ့ကြသည်။ အဆိုပါအိမ်တအိမ်ထဲတွင် ထိုနေ့က ကျောင်းသူ (၅၄) ယောက်ရှိလေသည်။
၁၉၈၈ခုနှစ် မတ်လဆန်းမှ စတင်ကာ လှုပ်လှုပ်၊ လှုပ်လှုပ် ဖြစ်လာခဲ့သော ထိုနိုင်ငံရေး အဖြစ်အပျက်များသည် အခြေအနေတစ်ခုအထိ ပြီးဆုံးတိုင်အောင် အရောက်သွားခဲ့သည်။ ကျောင်းသားများကို သတ်ဖြတ်ခြင်းမှာ ဆက်တိုက်ဖြစ်သဖြင့် ဘယ်သူဘယ်နှစ်ယောက်သေသည်၊ ဘယ်သူအဖမ်းခံရသည်ဆိုသည်မှာ စာရင်းပင် ကောက်၍ မကုန်နိုင်။ ဖုန်းမော်အရေးအခင်း၊ တံတားနီအရေးအခင်း၊ စသည်ဖြင့် အရေးအခင်းများစွာ ဆက်တိုက်ဖြစ်ပေါ်ပြီး အသေအပျောက်အဖမ်းအဆီး ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ သေသူစာရင်းကောက်မရနိုင်အောင် စစ်အစိုးရသည် ဆင်ခြင်ညဏ်ကင်းမဲ့စွာဖြင့် တက္ကသိုလ်ကောလိပ်များ အားလုံးကို ၃နှစ်တိတိ ပိတ်ခဲ့သည်။ မြို့ငယ်များတွင်တော့ သေဆုံးသူ စာရင်းကို ကောက်နိုင်ခဲ့သည်။ ဥပမာ စစ်ကိုင်းမြို့တွင် ရဲစခန်းကို လူထုက ဝင်စီးရန် ကြိုးစားသဖြင့် သေဆုံးသူ ၃၅၀ ခန့် ရှိသည်ဟု စစ်ကိုင်းသူတစ်ဦးက ဆိုသည်။
လူထောင်ပေါင်းများစွာ၏ အသက်သွေးချွေးကို စတေးခဲ့သော ရှစ်လေးလုံးသည် အလဟဿ ဖြစ်မသွားခဲ့ပါ။ ဆိုရှယ်လစ်ပါတီကို တလအတွင်း နိဂုံးချုပ်ပေးခဲ့ပြီး တိုင်းပြည်၏ စီးပွားရေးစံနစ်ကို တံခါးပြန်ဖွင့်ပေးခဲ့သည်။ စစ်အစိုးရက လူတော်တော်များများကို ပြည်ပထွက်ခွါရန် တံခါးဖွင့်ပေးခဲ့သည်။ ၂၆ နှစ်လုံးလုံး နိုင်ငံကူး လက်မှတ်ဆိုတာ ဖြူသလား၊ မဲသလား မသိသော လူငယ်များသည် ထိုအချိန်ကျမှ နိုင်ငံကူးလက်မှတ်ကို မြင်ဘူးကြတော့သည်။ ပြည်တွင်းဖြစ် ပစ္စည်းများကို သမဝါယမဆိုင်မှ တန်းစီတိုးဝယ်ခဲ့ရသော လူထုသည် တရုတ်ပစ္စည်း၊ ထိုင်းပစ္စည်းများ၊ နိုင်ငံပေါင်းစုံမှ လာသောပစ္စည်းများကို ထိုအချိန်ကျမှ သုံးစွဲခွင့်ရကြတော့သည်။
တပါတီစစ်အာဏာရှင်စံနစ်ဖြုတ်ချရေးတွင် အသက်သွေးချွေးများကို စတေးခဲ့ကြသော ရဟန်းရှင်လူပြည်သူ အပေါင်းတို့ ကောင်းရာသုဂတိလားပါစေဟု ဤနေရာမှ ဆန္ဒပြုပါသည်
No comments:
Post a Comment